အိမ်ထောင်မပြုခင် သွေးစစ်ဖို့ ဘာကြောင့်အရေးကြီးတာလဲ
အိမ်ရာထူထောင်ပြီး မိသားစုဘဝစတင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမယ့် ကိစ္စဝိစ္စတွေထဲမှာ သွေးစစ်ဆေးခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်နေသင့်ပါတယ်။ တစ်ချို့တွေကတော့ အိမ်ထောင်ပြုတာပဲ ဘာလို့သွေးစစ်နေဦးမှာလဲ၊ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ရာ မရောက်ဘူးလားလို့ စောဒက တက်ချင် တက်ကြပါလိမ့်မယ်။
ဒါပေမယ့် အိမ်ထောင်မပြုခင် သွေးစစ်ဆေးခြင်းဟာ အခြေအနေအရ ပြုလုပ်ရမယ့်ကိစ္စမျိုးမဟုတ်ပဲ မဖြစ်မနေ လုပ်ဆောင်ရမယ့်ကိစ္စမျိုးဆိုတာကို သိနားလည်စေချင်ပါတယ်။ ဘာကြောင့်ပါလဲ။ ဘာကြောင့်ခုလိုမျိုး လိုအပ်တာလဲဆိုတာကို တစ်ချက်ခြင်း ရှင်းပြပေးသွားပါမယ်။
၁။ ရောဂါစစ်ဆေးခြင်း နည်းလမ်းတွေထဲမှာ သွေးစစ်ခြင်းဟာ ရောဂါအများစု ရှိမရှိကို စောစီးစွာ သိရှိနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်းဟာ အသက်ပိုရှည်ဖို့နဲ့ နောက်ဆက်တွဲရောဂါတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ပြင်ဆင်ချိန် ပိုရနိုင်ပါတယ်။
၂။ အိမ်ထောင်ဖက်ဖြစ်လာမည့်သူမှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါများ ရှိနေတယ်ဆိုရင် ရောဂါအခြေအနေကို သိဖို့၊ ကိုယ့်ကို မကူးစက်စေဖို့ ကာကွယ်နိုင်မယ့် နည်းလမ်းများကို လေ့လာဖို့၊ ကိုယ့်လက်တွဲဖော်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုကောင်းလာစေဖို့ ဘယ်လိုဂရုစိုက်သင့်လဲဆိုတာကို ကိုယ့်အနေနဲ့ သေချာအချိန်ယူပြီး သုံးသပ်စဉ်းစားလို့ ရပါတယ်။
၃။ သွေးစစ်ခြင်းဟာ အိမ်ထောင်ဖက်နှစ်ဦးလုံးအတွက်သာမက နောင်မွေးလာမယ့် ရင်သွေးငယ်အတွက်ပါ မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာနဲ့ ရောဂါများ မကူးစက်ခံရစေဖို့ ကြိုတင်ကာကွယ်ပေးတာနဲ့ အတူတူပါပဲ။ ရောဂါအများစုကို သေချာဆေးသောက်ပြီး ထိန်းချုပ်မယ်ဆိုရင် ကိုယ့်အနေနဲ့ ကျန်းမာသန်စွမ်းပြီး ရောဂါကင်းရှင်းတဲ့ ရင်သွေးရတနာကို ဖွားမြင်နိုင်မှာပါ။
၄။ တစ်လင်တစ်မယားစနစ် ကျင့်သုံးတော့မယ်၊ ကလေးလည်း ယူဖို့ စဉ်းစားထားတယ်ဆိုရင် အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုရတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုး မပြုကျင့်ခင်မှာ ကိုယ်တိုင်မှာရော၊ ကိုယ့်လက်တွဲဖော်မှာပါ ရောဂါတွေ ကင်းရှင်းပြီး ကျန်းမာရေးကောင်းနေဖို့ အရေးကြီးပါတယ်။
၅။ သွေးစစ်ခြင်းဖြင့် ကျန်းမာရေးရလဒ်များ ရလာတဲ့အခါ အိမ်ထောင်ဖက်နှစ်ဦးလုံးအနေနဲ့ ရှောင်ရန်၊ ဆောင်ရန်များ၊ ရောဂါကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနည်းလမ်းများ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းနဲ့ ကျန်းမာရေး ပုံမှန်စစ်ဆေးမှုတွေကို ပြုလုပ်ဖို့ ပိုပြီး တွန်းအားဖြစ်စေပါတယ်။
၆။ မျိုးရိုးဗီဇပိုင်းဆိုင်ရာ ရောဂါ၊ ကျန်းမာရေးပြဿနာအချို့ဟာ သွေးစစ်မှသာ ပေါ်နိုင်ပါတယ်။ ဒီတော့ ကိုယ့်မှာ သို့မဟုတ် ကိုယ့်လက်တွဲဖော်မှာ ဒီလိုပြဿနာရှိရင် ကလေးယူသင့်၊ မယူသင့်ကို စောစီးစွာ ဆုံးဖြတ်ပြီး နှစ်ဦးသား စဉ်းစားတိုင်ပင်လို့ ရပါတယ်။
ကဲ ဒီလောက်ဆိုရင် အိမ်ထောင်မပြုခင် ဘာကြောင့် သွေးစစ်သင့်လဲဆိုတာကို နားလည်သဘောပေါက်သွားကြဖို့ မျှော်လင့်ပါတယ်။ မမေ့နဲ့နော် … အိမ်ထောင်မပြုခင် သွေးစစ်ဖို့လိုအပ်တယ်ဆိုတာကို။
ရဲမျိုးမြတ်